MPBSMA Office

ရှန်ဟိုင်း ပဲမျိုးစုံကွန်ဂရက်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရှန်ဟိုင်းမြို့၊ အင်တာကွန်တီနင်တယ်ဟိုတယ် ၌ ၂၀၂၅ ခုနှစ်၊ သြဂုတ်လ (၂၀)ရက်နေ့မှ (၂၁)ရက်နေ့အထိ ကျင်းပပြုလုပ်ရာ နိုင်ငံတကာနှင့် တရုတ် နိုင်ငံမှ ပဲမျိုးစုံ လုပ်ငန်းရှင်များ စုစုပေါင်း (၂၀၀)ဦးခန့် တက်ရောက်ပြီး မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်း နှင့် နှမ်း ကုန်သည်များ အသင်းမှ အဖွဲ့ဝင်(၈)ဦးပါ ကိုယ်စားလှယ်အဖွဲ့လည်း ပါဝင်တက်ရောက်ခဲ့သည်။

အဆိုပါကွန်ဂရက်ကို Global Pulses Confederation (GPC) ၏ ဥက္ကဋ္ဌ Mr. Vijay Iyengar ၊ China Chamber of Commerce of Foodstuffs and Native Produce (CFNA) ၏ ဥက္ကဋ္ဌ Mr. Cao Derong နှင့် China National Association of Grain Sector ၏ ဥက္ကဋ္ဌ Mr. Wang Zhenzhong တို့က အဖွင့် အမှာစကားများ အသီးသီး ပြောကြားပြီး စတင် ဖွင့်လှစ်ခဲ့သည်။

ပဲမျိုးစုံကွန်ဂရက်တွင် တရုတ်၊ မြန်မာ၊ ရုရှား၊ ဘရာဇီးလ်၊ အမေရိကတို့က မိမိတို့နိုင်ငံအလိုက် ပဲမျိုးစုံ ကဏ္ဍ ပြောင်းလဲတိုးတက်မှုများကို နိုင်ငံအလိုက် ကိုယ်စားလှယ်များကလည်းကောင်း၊ ကုလားပဲ၊ ပဲရာ ဇာ၊ Dry Peas နှင့် Beans ပဲမျိုးများအလိုက် အခြေအနေများကို ပဲမျိုးအလိုက် ကျွမ်းကျင်သူအဖွဲ့များက လည်းကောင်း၊ Key to Global Success, Deep Processing of Pea Protein and Market Situation, The Future is Plant-Based!, The Role of Platforms, Data & AI in the Next Agri Revolution အကြောင်းအရာများကို သက်ဆိုင်ရာ ကုမ္ပဏီများကလည်းကောင်း တင်ပြဆွေးနွေးခဲ့ကြသည်။ ဆွေးနွေး ပွဲအပြီး နောက်တရက်တွင် စက်ရုံအလုပ်ရုံများသို့ လေ့လာရေးခရီး သွားရောက်နိုင်ရန် စီစဉ်ဆောင်ရွက် ပေးသည်။

ယခုကျင်းပသည့် ကွန်ဂရက်ကို CFNA အဖွဲ့နှင့် GPC တို့ ပူးပေါင်း စီစဉ် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ပြီးခဲ့ သည့် ၂၀၂၄ ခုနှစ်ကလည်း အလားတူကွန်ဂရက်ကို မကာအိုတွင် “Macau Pulses Congress” အဖြစ် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။